ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူလိုသူများအနေဖြင့်လျှောက်လွှာတင်သွင်း၍ ဝယ်ယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ အခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ယခုလ (၁၃)ရက်မှ စတင်ကာ လျှောက်လွှာများဝယ်ယူလျှောက်ထားနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသောအိမ်ခန်းများကို နေရေးအခက်အခဲရှိသည့် ဝင်ငွေနည်း ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအိမ်ခန်းလျှောက်လွှာများအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးရုံး၊မြေညီထပ်(Yangon City Gallery)တွင် ဖေဖော်ဝါရီလ (၁၃) ရက်မှ (၂၁)ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို သတ်မှတ်ပုံစံအတိုင်းဖြည့်သွင်းပြီး ဖေဖော်ဝါရီလ (၂၅) ရက်နောက်ဆုံးထားကာပြန်လည်တင်ပြရမည်ဖြစ်ကာ တင်ပြလာသည့်လျှောက်လွှာများအား စိစစ်ပြီးပါက ဝယ်ယူခွင့်ရရှိသူများအား အကြောင်းပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
