ရန်ကုန်၊ စက်တင်ဘာ ၁၅
အိန္ဒိယနိုင်ငံ၏ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်၏ (၆၃) ကြိမ်မြောက် ITEC နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး အိန္ဒိယစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ အစိုးရတာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ITEC သင်တန်းဆင်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur က ITEC အစီအစဉ်သည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစ၍ သင်တန်းသား ၃၀ ဖြင့် စတင်ခဲ့သည့် အဆိုပါ အစီအစဉ်အောက်မှ လက်ရှိတွင် အရပ်ဘက် ITEC ပညာသင်ဆု ၄၀၀ နှင့် ကာကွယ်ရေးဆိုင်ရာ ပညာသင်ဆု ၂၅၀ တို့ကို နှစ်စဉ် ပံ့ပိုးပေးလျက်ရှိပြီး ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ သင်တန်းသားများ ရေတိုသင်တန်း စုစုပေါင်း ၄,၀၅၇ ခု တက်ရောက်ခဲ့ကြောင်း အသိပေးခဲ့သည်။
ထို့ပြင် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်တွင် မြန်မာနိုင်ငံအတွက် တက္ကသိုလ်ဘွဲ့ ပညာသင်ဆု နေရာများကို ယခုနှစ်တွင် ၁၀၀ အထိ တိုးမြှင့်ပေးခဲ့ပြီး ယခင်နှစ်အတွင်း ကျောင်းသားဗီဇာ ၅၀၀ နီးပါး ထုတ်ပေးခဲ့ကာ လာမည့်နှစ်များတွင်လည်း ကျောင်းသားလက်ခံမှုကို ပိုမိုတိုးမြှင့်သွားရန် မျှော်လင့်ထားကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ယခုအခမ်းအနားသည် နေပြည်တော်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အခမ်းအနားများအပြင် ရန်ကုန်မြို့၌ တရားဝင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီများ ပေးအပ်နေသည့်အတွက် အိန္ဒိယအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် ITEC အစီအစဉ်ဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်တို ပြသခြင်း၊ ဆွာမိဝိဝေကာနန္ဒာ ယဉ်ကျေးမှုဗဟိုဌာနမှ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခြင်းနှင့် ITEC သင်တန်းဆင်းများက အတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
