ရန်ကုန်၊ဇူလိုင်-၂၆
မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် က ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်းသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၁၀ ဦးတတ်ရောက်နေပြီး တစ်နှစ်ဒီပလိုမာသင်တန်းဖြစ်သည်။
