ယနေ့ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃) အရ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ အမှာစကားပြောကြားရာ လွှတ်တော်၏လုပ်ငန်းစဉ်တွင် ဉပဒေပြုရေးလုပ်ငန်းပါဝင်သည့်အတွက် ဌာနဆိုင်ရာများ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေေကြေးသုံးစွဲမှုအပေါ် ပေါင်းစပ်ကာ စိစစ်အကြံပြုနိုင်ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်နဲ့ ဝတ္တရားဖြစ်သည် ဟုပြောကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ကော်မတီ (၁၀) ရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်သော ဉပဒေပြုရေး၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ ငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာေကာ်မတီတို့မှ ယခု သင်တန်းကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး မစခင် အချိန်မှီဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဉက္ကဌ ဦးကျော်ကျော်စိုးမှ ပြည်သူများရွေးချယ်တင်မြောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များဟာ အရည်အချင်းရှိဖို့လိုပါတယ်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်များသည် ကျင်လည်ခဲ့သည့် နယ်ပယ်အလိုက် ဉပဒေပြုရေး၊ ငေွစာရင်းနဲ့ စီမံကိန်းများစိစစ်ရေးဆိုင်ရာ ကဏ္ဍတွေနဲ့ နီးစပ်မှုမရှိသောကြောင့် ပညာရှင်များဖိတ်ကြားကာ ယခုလိုဆွေးနွေးပို့ချခြင်းဖြစ်သဖြင့် လေးစားစွာလေ့လာရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဧည့်ခံကျွေးမွေးစရိတ်ကျသင့်ငွေ လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ထို့နောက် ဉပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင် စာရင်းစစ်ချုပ်(ငြိမ်း) ဦးမြင့်အောင်နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တို့မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသည် မည်သို့မည်ပုံအရေးပါကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့သည်။
