Home Movies ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

0
107

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဆေးရုံအတွင်း ထင်ရှားစွာ အသိပေးဖော်ပြထားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဆေးရုံဝင်ပေါက်အနီး၌ ပြင်ပ Ambulance ယာဉ်များ အကြောင်းမဲ့ ကြာမြင့်စွာရပ်နားထားခြင်းမရှိစေရေး၊ အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ရေးနှင့် ပုံမှန်စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသစ်၌ အကူအညီပေးမည့် ပရဟိတအဖွဲ့များ၏ အချက်အလက်များကို အသိပေးဆိုင်းဘုတ်များ တပ်ဆင်ထားပြီး ငွေကြေးတောင်းခံမှုများ ကြုံတွေ့ပါက တိုင်ကြားနိုင်ရေး အသိပေး Vinyl များ ကပ်ထားခြင်း၊ ဝန်ထမ်းများအား အမည်နှင့် ရာထူးတံဆိပ်များ တပ်ဆင်စေခြင်းတို့အပြင် ဝန်ထမ်း ၄ ဦးကိုလည်း ဌာနပြောင်းရွှေ့တာဝန်ပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးရုံကြီးအနေဖြင့် ရုပ်အလောင်းများ သယ်ဆောင်ရာတွင် စစ်မှန်သည့် ပရဟိတဝန်ဆောင်မှုများ ရရှိစေရေးနှင့် အကျိုးအမြတ်အတွက် ဆောင်ရွက်သည့် ယာဉ်ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငွေမတရားတောင်းခံမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Photo: ရန်ကုန်ပြည်သူ့ဆေးရုံကြီး

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here