ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အားလုံးနီးပါးရှိ နေရာအနှံ့အပြားတွင် ယနေ့ ဖေဖေါ်ဝါရီ (၂၄) ရက် နေ့လယ်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။
မြို့တွင်း မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များအပါအဝင် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ နေရာအနှံ့အပြားနီးပါးတွင် နေ့လယ် (၁) နာရီ ဝန်းကျင်က စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ၊ လျှပ်စီးလက်ခြင်း၊ မိုးခြိန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အချို့မြို့နယ်များ၌ မိုးရေချိန် လက်မဝက်မှ တစ်လက်မဝန်းကျင်အထိ သည်းထန်စွာရွာသွန်းခဲ့ပြီး အချို့မြို့နယ်များ ၌လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ကြိုတင်သတိပေးထား ယနေ့ ဖေဖော်ဝါရီ (၂၄)ရက် နံနက်ပိုင်းတွင်လည်း မိုးရွာသွန်းနိုင်သည့် တိုင်းနှင့်ပြည်နယ်များကို ထုတ်ပြန်သတိပေးထားသည်။
မိုး/ဇလ၏ သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် မိုးရွာနိုင်ကြောင်း သိရသည်။
ထို့အတူ ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဖေဖော်ဝါရီ (၂၄) ရက်နေ့တွင် ရန်ကုန်မြို့နယ် အချို့တွင် မိုးရွာရန် ရာခိုင်နှုန်းအားဖြင့် (၆၀)ရာခိုင်နှုန်းမှ (၇၅) ရာခိုင်နှုန်းအထိရှိကြောင်းနှင့် မိုးရေချိန်မှာ (၂၄) နာရီအတွင်း (၈) မီလီမီတာ (၀.၃၁၅ လက်မ) ခန့်ရှိနိုင်မည်ဖြစ်ဟု ကြိုတင်ခန့်မှန်းထားသည်။
