ယူကရိန်းသို့ ပေးထားသော ဘီလီယံချီတန်သည့် စစ်ရေးပစ္စည်းများနှင့် အခြားအကူညီများအတွက် ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထရမ့်က ကွန်ဖရင့်တစ်ခုတွင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပေးခဲ့တဲ့ ငွေအတွက် သူတို့ကို တစ်ခုခု ပြန်ပေးစေချင်တယ်” ဟု ထရမ့်က CPAC ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။ “ဒါကြောင့် ကျွန်တော်တို့က မြေရှားသတ္တုနဲ့ ရေနံတွေကို တောင်းနေတာ။ ကျွန်တော်တို့ ရနိုင်တဲ့ ဘာမဆိုပေါ့”ဟုလည်းသူကပြောသည်။
ဥရောပနိုင်ငံများက ယူကရိန်းသို့ အကူညီကို ချေးငွေအဖြစ် ပေးခဲ့သော်လည်း အမေရိကန်ကမူ ချေးငွေအဖြစ် မပေးခဲ့ဟု သူက ဆိုသည်။ ဆိုလိုသည်မှာ ထိုအကူအညီများအတွက် လျော်ကြေးပြန်ပေးရန် လိုအပ်ကြောင်းပင်ဖြစ်သည်။
“ကျွန်တော်တို့ ငွေပြန်ရရမယ်။ ဘာလို့လဲဆိုတော့ ဒါက မမျှတဘူး” ဟု ထရမ့်က မယ်ရီလန်းပြည်နယ်ရှိ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် မြေရှားသတ္တုများအတွက် သဘောတူညီချက်သည် “အတော်လေး နီးစပ်နေပြီ” ဖြစ်ပြီး အမေရိကန်သည် ၎င်းတို့ပေးအပ်ခဲ့သည့် အကူညီအတွက် လဲလှယ်ရန် “ကျွန်ုပ်တို့ရနိုင်သည့် မည်သည့်အရာကိုမဆို” ကို ပြန်ယူရေးသို့ဦးတည်နေသည်ဟု ဆိုသည်။
အမေရိကန်က အကောင်းဖက်မှရှုမြင်နေသော်လည်း ယူကရိန်းဖက်ကမူ မူကြမ်းသဘောတူညီချက်တွင် “တစ်ဖက်သတ်ကတိကဝတ်များ” သာပါဝင်ပြီး “ပြဿနာရှိသည့်ကိစ္စများ” ရှိနေသည်ဟု ဆိုသည်။
