ဆိုးလ်၊မတ် ၁၇
ပြုံယမ်းက အရှေ့ပင်လယ်ဘက်သို့ ဒုံးကျည်တစ်စင်းထပ်မံပစ်လွှတ်လိုက်ရာ ၎င်း၏မဆင်မခြင် ရန်စမှုများအတွက် ပေးဆပ်ရမည်ဟု တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်က ကြာသပတေးနေ့တွင်သတိပေးခဲ့သည်။
“မဆင်မခြင်ရန်စမှုတွေအတွက် မြောက်ကိုရီးယားဘက်က သေချာပေါက်ပေးဆပ်ရမှာပါ” ဟု ဂျပန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးပွဲအတွက် ခရီးမထွက်မီ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
NSC က ကြာသပတေးနေ့မနက်ကလွှတ်တင်ခဲ့သော မြောက်ကိုရီးယား၏ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ပြီး ၎င်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထင်ရှားစွာချိုးဖောက်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
NSC ကမူ ယခုအပြုအမူများသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကိုခြိမ်းခြောက်သည့် ကြီးမားသောရန်စမှုလည်းဖြစ်သည်ဟုဆိုခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားသမ္မတ၏ ဂျပန်ခရီးစဉ်မတိုင်မီနာရီပိုင်းအလို၌ အဆိုပါဒုံးကျည်အားပစ်လွှတ်ခဲ့ခြင်းဖြစ်ကာ အင်္ဂါနေ့ကလည်း အမေရိကနှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုအတွက် သတိပေးသည့်အနေဖြင့် မြေပြင်ပစ်ဒုံးနှစ်လုံးကိုလည်း ပစ်လွှတ်ခဲ့သေးသည်။
Source : Khmertimes
