အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် သူ့အပေါ် လူကြိုက်များမှုကို ဆက်ထိန်းထားနိုင်သည့် လက္ခဏာတစ်ရပ်အဖြစ် မြို့တော်ဒေလီ ရွေးကာက်ပွဲတွင် သူ၏ ဘီဂျေပီ ပါတီက အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သည်။
ဒေလီတွင် သူ့ပါတီ အနိုင်ရခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာပလက်ဖောင်း X ပေါ်တွင် မစ္စတာ မိုဒီက ကြေညာခဲ့သည်။
ဒေလီဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်လုပ်ဆောင်သွားရန် မိမိတို့ အာမခံကြောင်း၊ ပြည်သူ့ဘဝအရည်အသွေး တိုးတက်ရေးနှင့် ဖွံ့ဖြိုးပြီးအိန္ဒိယနိုင်ငံ တည်ဆောက်ရာတွင် ဒေလီသည် အဓိကကဏ္ဍမှ ပါဝင်ကြောင်း သူက ရေးသားခဲ့သည်။
အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်၏ ဖော်ပြချက်အရ အမတ်နေရာ ၇၀ ရှိ ဥပဒေပြုလွှတ်တော်တွင် ဘီဂျေပီပါတီ က ၄၈ နေရာအနိုင်ရမည်ဟု မျှော်လင့်ရသည်။ ဘီဂျေပီသည် ဆယ်စုနှစ် သုံးခုနီးပါး အာဏာလက်လွှတ်ထားရသည့် ဒေလီကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပြီဖြစ်သည်။
၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သော အာဏာရ Aam Aadmi ပါတီ(AAP) သည် အမတ်နေရာ ၂၂ နေရာဖြင့် ရပ်တည်နေသည်။ ဆန္ဒမဲများကို အပြီးသတ်ရေတွက်နေဆဲဖြစ်သည်။
Haryana နှင့် Maharashtra ပြည်နယ် ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ပြီးနောက် ဒေလီအောင်ပွဲသည် ဘီဂျေပီ အတွက် နောက်ဆုံးလေးလအတွင်း တတိယမြောက် အဓိကရွေးကောက်ပွဲ အောင်နိုင်မှုဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
