မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။
တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဒေသများသို့ ဝင်ရောက်နိုင်သည့် အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကြောင့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဝယ်လိုအားမြင့်မားနေသည့် စားသောက်ကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းများအပါအဝင် စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများ တင်ပို့မှုကို ပြန်လည်တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းဆောင်ရည် မြင့်တက်လာကာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ လျော့ကျလာနိုင်သော်လည်း နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာမှုသည် မြန်မာနိုင်ငံ၏ သွင်းကုန်မူဝါဒများ၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအပေါ် များစွာမူတည်နေကြောင်း ပြောကြားခဲ့သည်။
DFT ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ဘတ် ၆၀ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ယင်းအနက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုတန်ဖိုး ဘတ် ၃၇ ဒသမ ၉ ဘီလီယံရှိပြီး မြန်မာနိုင်ငံမှ တင်သွင်းမှုတန်ဖိုးမှာ ဘတ် ၂၂ ဒသမ ၉ ဘီလီယံရှိကြောင်း သိရသည်။
Ref: Bangkok Post
