မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ လာမည့် ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့နှင့် AYA Bank Tri-Nations Cup (Women Friendly)အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ် မစ္စတာ ကာတို၏ ဦးဆောင်မှုဖြင့် လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင် ဆင်မှုများကို မကြာမီစတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh သည် အသက် (၄၆)နှစ်ရှိပြီဖြစ်ကာ AFC Pro License ကိုင်ဆောင်ထားသူဖြစ်ပြီး အာရှဘောလုံးလောက၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် နည်းပြအတွေ့အကြုံရင့်ကျက်၍ အမျိုးသ မီးဘောလုံးလောကတွင်လည်းအောင်မြင်မှုများရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းသည် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁- ၂၀၂၂ ခုနှစ်များတွင်တာဝန်ယူခဲ့ပြီး အသင်းကို AFF Championship ဒုတိယဆု(၂၀၁၉)ခုနှစ်နှင့် (၃၀)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရအသင်းများတွင်လည်းပါဝင်ခဲ့သည့်အပြင် ထိုင်းလိဂ်ကလပ်အ သင်းကြီးများဖြစ်သည့် Chonburi FC၊ BG Pathum United၊ Samut Prakan City တို့တွင် လက်ထောက်နည်းပြ၊ နည်းစနစ်ပိုင်းဆိုင်ရာအချက်အလက်ခွဲခြမ်း စိတ်ဖြာသူနှင့် နည်းစနစ်ဒါရိုက်တာတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ထိုင်းအမျိုး သားလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအ ဖြစ်တာဝန်ထမ်းဆောင်ကာ ၂၀၂၄ အာရှဖလားပြိုင်ပွဲတွင် ထိုင်းအသင်း(၁၆)သင်းအဆင့်တက်ရောက်နိုင်ရန်ကူညီပေးခဲ့သူဖြစ်ပြီး ဂျပန်ကလပ်အသင်းများဖြစ်သည့် Kyoto Sanga နှင့် Tegevajaro Miyazaki အ သင်းတို့တွင်လည်း နည်းပြတာဝန်များထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
