မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှုအတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း ပါဝင်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ရေထွက်ကုန် ပြည်ပပို့ကုန် ၁၀၀ ရာခိုင်နှုန်းမှာ ရေငန်က ၇၀ ရာခိုင်နှုန်းနဲ့ ရေချိုက ၃၀ ရာခိုင်နှုန်း တင်ပို့နေပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံကို တင်ပို့နေပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ လျော့နည်းလာခြင်းနှင့် ထုတ်လုပ်စရိတ်မြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ပင်လယ်ပြင်ဖမ်းဆီးရေးလုပ်ငန်းများ လျော့နည်းလာနိုင်ပြီး ရေငန်ထွက်ကုန် တင်ပို့မှု ကျဆင်းနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများ၌ မွေးမြူရေးကဏ္ဍကို အဓိကထား ဖွံ့ဖြိုးလာနေသကဲ့သို့ ပြည်တွင်း၌လည်း ခေတ်မီမွေးမြူရေးဇုန်များ တိုးချဲ့နိုင်ပါက နိုင်ငံခြားဝင်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး ရေထွက်ကုန်ပြတ်လပ်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခေတ်မီရေလုပ်ငန်း မွေးမြူရေးဇုန်တစ်ခု တည်ထောင်နိုင်ပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ဝင်ငွေရရှိနိုင်ကြောင်းလည်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ ဧက ၃,၀၀၀ ကျော် ရေနက်ကွင်းတွင်လည်း ငါးတန်များကို ခေတ်မီနည်းပညာဖြင့် မွေးမြူထုတ်လုပ်နေပြီး အမေရိကန်နှင့် တရုတ်နိုင်ငံများသို့ တင်ပို့နိုင်ရန် စာချုပ်များ ချုပ်ဆိုထားကာ ယခုနှစ်အတွင်း စတင်တင်ပို့နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရေချိုနှင့် ရေငန်မွေးမြူရေးကဏ္ဍများကို တိုးချဲ့ဖွံ့ဖြိုးနိုင်ပါက ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေများလည်း စဉ်ဆက်မပြတ် ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
