မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ရာထူးတို့အား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းထံ ယနေ့ မတ် ၃၀ ရက်က ဂုဏ်ပြုစစ်ရေးပြအခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့သည်။
တာဝန်ပေးအပ်သူနှင့် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်သူတို့သည် ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကိုခံယူရာ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက်(၁၇)ချက်ကိုစစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဂုဏ်ပြုတပ်ခွဲကိုစစ်ဆေးပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းအား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ရာထူးကို ပူးတွဲခန့်အပ်ကြောင်းခန့်အပ်လွှာကို ဖတ်ကြားတင်ပြခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗိုလ်ချုပ်ကြီးကျော်စွာလင်းထံသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အ ယောင်ဓားနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကိုလွှဲပြောင်းပေးအပ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့သည်။
ထို့အတူ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြုပြန်လည်ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူခဲ့ကြသည်။
ထို့နောက် မြန်မာ့တပ်မတော်၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏တာဝန်များကို လက်ဆင့်ကမ်းလွှဲ ပြောင်းပေးအပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့ ဇေယျာသီရိဗိမာန်မှပြန်လည်ထွက်ခွာရာ နိုင်ငံ တော်ဂုဏ်ပြုစစ်တီးဝိုင်းက ဂုဏ်ပြုတီးခတ်သီဆိုနှုတ် ဆက်ခဲ့ကြသည်။
