ဖနွမ်းပင်၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus – 5PC) ကို အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုရန်နှင့် မြန်မာနိုင်ငံနှင့် စေတနာရှေ့ထားသည့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ထပ်မံထောက်ခံပြောကြားခဲ့သည်။
ယင်းရပ်တည်ချက်ကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ် ဆိုခွန်က ဇူလိုင် ၂၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် 5PC အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်က 5PC အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
တက်ရောက်သူများက မြန်မာနိုင်ငံအား ကူညီဆောင်ရွက်ရာတွင် 5PC သည် အာဆီယံ၏ အဓိကကိုးကားမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်းနှင့် “မြန်မာပြည်သူများက ဦးဆောင်၍ မြန်မာပြည်သူများ၏ နည်းလမ်းဖြင့်” အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်ကို ထပ်မံအတည်ပြုခဲ့ကြသည်။
ဆိုခွန်က ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုနှင့် အထူးသံတမန်၏ ဆောင်ရွက်မှုများကို ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ပြုလုပ်ခဲ့သည့် အလွတ်သဘောဆွေးနွေးပွဲကိုလည်း ကြိုဆိုခဲ့သည်။ ယင်းတွေ့ဆုံမှုသည် မြန်မာနိုင်ငံကို အာဆီယံက မည်သို့ပိုမိုထိရောက်စွာ ကူညီနိုင်မည်ကို အမြင်ချင်းဖလှယ်နိုင်သည့် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိရရှိထားသည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း၍ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိစေရန် မျှော်လင့်ကြောင်း ဆိုခွန်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုကလည်း ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများအကြား ပြုလုပ်ခဲ့သည့် အလွတ်သဘောဆွေးနွေးပွဲ၏ ရလဒ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့အရေးအပါအဝင် အာဆီယံ၏ ၂၀၂၆ ဦးစားပေးလုပ်ငန်းများ၊ ASEAN Community Vision 2045 အကောင်အထည်ဖော်ရေးနှင့် အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၇ ဦးစားပေးအစီအစဉ်များကိုလည်း ပြန်လည်သုံးသပ်အတည်ပြုခဲ့ကြသည်။
ဆိုခွန်က ပြောင်းလဲလာသည့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အခြေအနေများအရ အာဆီယံအနေဖြင့် ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းညှိနှိုင်းမှုများ အားကောင်းစေရေးနှင့် အသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်သင့်ကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် စွမ်းအင်ဖူလုံရေးကို မဟာဗျူဟာမြောက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်၍ အာဆီယံရေနံဖူလုံရေးသဘောတူညီချက် အကောင်အထည်ဖော်မှု အရှိန်မြှင့်ခြင်း၊ အာဆီယံဓာတ်အားလိုင်းစီမံကိန်း တိုးတက်စေရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးတို့ကိုလည်း တိုက်တွန်းခဲ့သည်။
အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်အသစ်များကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး တူရကီနိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံသစ်အဖြစ် ကြိုဆိုခဲ့ကာ ယင်းနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အပြုသဘောဆောင်စွာ ပါဝင်ကူညီမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Ref: Khmer Times
