အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်မှလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရအပေါ် တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်စုံတစ်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပုံရသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။
လက်ရှိမြေပြင်အခြေအနေတွင် စစ်ကိုင်းတိုင်းအတွင်း အဓိကကျလှသည့် မုံရွာ – ယာကြီး – လာပို့ – ကလေးဝ အဝေးပြေးလမ်းမကြီးအား တပ်မတော်မှ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြန်လည်ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။ အလားတူပင် ကလေးမြို့နှင့် တမူးမြို့ကြားရှိ မဟာဗျူဟာမြောက် အရေးပါသော ခမ်းပတ်မြို့ကိုလည်း တပ်မတော်မှ အပြည့်အဝ ပြန်လည်စိုးမိုး ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကကဏ္ဍများ အရှိန်ယူပြင်ဆင်နေ
ကုန်သွယ်မှုပမာဏ တိုးတက်လာနိုင်
ဤကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ပွင့်လင်းလာမှုနှင့်အတူ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ယခင်ကထက် ပိုမိုတိုးမြှင့်နိုင်ခြေရှိကြောင်း စီးပွားရေးလေ့လာသူများက ခန့်မှန်းထားကြသည်။
နိုင်ငံရေးခိုင်မာအောင်လုပ်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ယုံယုံကြည်ကြည်နှင့် ရင်းနှီးမြှုပ်နှံနိုင်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဒေလီတွင်ပြောကြားခဲ့ပြီးအိန္ဒိယ-မြန်မာ ကုန်သွယ်ရေကြောင်းနှင့် ပတ်သက်ပြီး စာချုပ်ချုပ်ဖို့ဆွေးနွေးနေသည်။
“နိုင်ငံရေးအရဖြစ်ပေါ်လာမယ့်ပြဿနာကို စိတ်ပူစရာမရှိဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ပူပန်မှု မရှိပါနဲ့။ စီးပွားရေးနဲ့ပတ်သက်ပြီးလည်း စိတ်ပူပန်မှုမရှိပါနဲ့ ခိုင်ခိုင်မာမာဖြစ်အောင်လုပ်မှာဖြစ်လို့ ယုံယုံကြည်ကြည်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ “ဟု ဦးမင်းအောင်လှိုင်က ဒေလီဖိုရမ်တွင်ပြောကြားထားသည်။
သမ္မတ ဦးမင်းအောင်လှိုင်ကကုန်သွယ်မှု ပမာဏ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အောင် လုပ်ဆောင်သွားနိုင်ကြောင်း ခရီးစဉ်တွင်ပြောကြားထားမှုရှိသည်။
အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီးများ ပြန်လည်အသက်ဝင်လာပါက နယ်စပ်ကုန်သွယ်မှုအပေါ် အဓိကအားထား လှုပ်ရှားနေကြသည့်ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များသည်လည်း ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရန်အတွက် ယခုကတည်းကပင် အရှိန်ယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
သုံးသပ်ချက်
လောလောဆယ်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် နယ်စပ်တစ်လျှောက်၌ စစ်ရေး၊ လုံခြုံရေးအခြေအနေများ သိသာစွာ ကောင်းမွန်တိုးတက်လာပြီး ကုန်သွယ်ရေးအတွက် အလားအလာကောင်းများ ပေါ်ပေါက်လာပြီ ဖြစ်သော်လည်း၊ လုံခြုံရေးတည်ငြိမ်မှုကို စောင့်ကြည့်ရင်း နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ အလုံးစုံ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက်မူ အချိန်ခေတ္တမျှ ထပ်မံစောင့်ဆိုင်းရဦးမည်ဟု ယူဆရသည်။
