မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း၊ နိုင်ငံတကာမိတ်ဖက်တွေအားလုံးနဲ့ ပိုမိုချိတ်ဆက်ပြီး ခိုင်မာဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ရပ်တည်ဆောက်နိုင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိပါတယ်”ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောသည်။
ထို့ပြင် Digital Transformation Artificial Intelligence Innovation & Modern Infrastructure တို့သည် စီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှု စီးပွားဘဝတိုးတက်ကောင်းမွန်စေရန်အရေးပါသည်ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍများတွင် ခေတ်မီနည်းပညာများအသုံးချ၍ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်ဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အာရှဒေသ၏ မဟာဗျူဟာမြောက် ပထဝီတည်နေရာတွင်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံဈေးကွက်များကြား ချိတ်ဆက်ပေးနိုင်သည့် ကုန်းတွင်းတံတားသဖွယ်အရေးပါပြီး အာဆီယံ၊ လန်ချန်း-မဲခေါင်နှင့် BIMSTEC အဖွဲ့များတွင်ပါဝင်ခြင်းတို့ကြောင့် ဒေသတွင်းကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုများတိုးမြှင့်နိုင်သည့် အခွင့်အလမ်းများရှိသည်ဟု ပြောသည်။
ထို့အတူ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ယက်အ ရှေ့အနောက်စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့၏ အချက်အချာနေရာတွင်တည်ရှိနေမှုကို အခွင့်အလမ်းအဖြစ် အသုံးချရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဖွံ့ဖြိုးရေးတို့တွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခဲ့သည်။
