မြန်မာ – ရုရှား နနှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို Myanmar Airways International (MAI) ၏ Commercial Director ဖြစ်သူ Mr. Tanes Kumar က Tourism Forum “Myanmar – Saint Petersburg” တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ပြည်ပဆက်ဆံရေးကော်မတီနှင့် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ကော်မတီတို့၏ စီစဉ်မှုဖြင့် ဧပြီလ (၂၅) ရက်တွင် ကျင်းပခဲ့သည့် “Myanmar – Saint Petersburg” ခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတို့ ဦးဆောင်သည့်အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့စဥ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုကို ပြသခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ Myanmar Airways International (MAI) ၏ Commercial Director ဖြစ်သူ Mr. Tanes Kumar က MAI ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ဖြစ်ကြသည့် Myanmar Voyages International Company Ltd မှ ဥက္ကဋ္ဌ ဦးသက်လွင်တိုး၊ Myanmar Polestar DMC & MICE Management မှ ဥက္ကဋ္ဌ ဦးကျော်မင်းထင် နှင့် Columbus Travel and Tours Ltd. မှ အထွေထွေမန်နေဂျာ ဦးမြတ်သူ တို့ကလည်း ရုရှားခရီးသွားများအတွက် သက်ဆိုင်ရာ ကုမ္ပဏီအလိုက် ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများကို ရှင်းလင်းပြော ကြား ခဲ့သည်။
အဆိုပါ ဖိုရမ်သို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်နှင့် ရုရှားနိုင်ငံဘက်မှ စိန့်ပီတာစဘတ်မြို့အခြေစိုက် ရုရှားခရီးသွားလုပ်ငန်းကုမ္ပဏီ (၂၂) ခုတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံတိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပါက ရုရှားနိုင်ငံသည် မြန်မာနိုင်ငံတွင်းသို့ လာရောက်မည့် တတိယမြောက်ခရီးသွားဧည့်သည်အများဆုံးဖြစ်လာနိုင်ကြောင်းလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားထားသည်။

