နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံသို့အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew တို့ ဧပြီ ၂၂ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံက ထောက်ခံ ပံ့ပိုးပေးခြင်းအတွက်ကျေးဇူးတင်ကာ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးရာ နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန်ဆန္ဒရှိမှုကို ကြိုဆိုကာ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု အလေးပေးပြောကြားခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးကလည်း ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုကိုဝမ်းမြောက်ကာ နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသားများလွှတ်ပေးခဲ့ခြင်းကိုကြိုဆိုသည်ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအားဖိတ်ခေါ်ခဲ့ခြင်းကိုလည်းကြိုဆိုကာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုပြီး ထိုင်းနိုင်ငံအနေဖြင့်ပါဝင်ပံ့ပိုးပေးလိုကာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို ထောက်ခံပံ့ပိုးပေးရန်အသင့်ရှိပြီး နှစ်နိုင်ငံကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်ဖြစ်ကာ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများပေးအပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံလုံးတွင် အစိုးရသစ်များအသီးသီးဖွဲ့စည်းခဲ့ပြီး အရေးကြီးသည့်အကူး အပြောင်းကာလဖြစ်၍ နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီးနှိမ်နင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့တွင်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြားရှိ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများဖြစ်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပူးတွဲကော်မရှင်(JC) နှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင်(JTC)တို့ပြန်လည်စတင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန် လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်သို့ပို့ဆောင်ခဲ့ကြသည်။
