မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်တွင် MOU (၄) ခု လက်မှတ်ရေးထိုးမည်
ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်သော မြန်မာကုမ္ပဏီတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတမှ မြန်မာ – ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံရဲ့ စုစုပေါင်းကုန်သွယ်မှုမှာ ဂျပန်နိုင်ငံရဲ့ပါဝင်မှုရာခိုင်နှုန်းဟာ ၄ ဒဿမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံ အဆင့် ၆ မှာ ရပ်တည်လျက်ရှိကြောင်း နှင့် (၉) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သဖြင့် ယခု ကျင်းပတဲ့ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်က တစ်ဆင့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုကို ယခင်ကထက် ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီလဝါအထူး စီးပွားရေးဇုန်ဟာ ထင်ရှားတဲ့ ပြယုဂ် တစ်ခုဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားရှိကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသည် MSME နှင့် SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသောကြောင့် MSME နဲ့ SME ကဏ္ဍမှာ ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုပါကြောင်းနှင့် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း စိတ်ပါဝင်စားသည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်သမ္မတမှ ဖိတ်ခေါ်ခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ Ingo PEACE ဥက္ကဌ Mr. Nakazawa Hiroyuki မှ ဂျပန်နိုင်ငံမှ လာရောက်သူတစ်ဦးအနေနဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်မှာ မိမိတို့ နှစ်နိုင်ငံရဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတူတကွ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်တဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့် ပုဂ္ဂလိကကဏ္ဍရှိ ပြည်သူတစ်ဦးချင်းစီရဲ့ အားသာချက်များကို ပေါင်းစည်းကာ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအသစ်တစ်ခုကို အတူတကွ မြှင့်တင်တည်ဆောက်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆင့်အသစ်တစ်ခုဆီသို့ တက်လှမ်းနေတဲ့ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း အလေးအနက်ထား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား ဂျပန်နိုင်ငံ Ingo PEACE ဥက္ကဌ Mr. Nakazawa Hiroyuki မှ မြန်မာ – ဂျပန်စီးပွားရေးဖိုရမ် အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတသည် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယနေ့ ကျင်းပသည့် မြန်မာ – ဂျပန်စီးပွားရေးဖိုရမ်တွင် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၉၄) ဦးနှင့် မြန်မာနိုင်ငံဘက်မှ အယောက် (၃၀၀) ကျော် တက်ရောက်လာခြင်းဖြစ်ပြီး၊ ဖိုရမ်တွင် မြန်မာနိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လာရောက်ရင်းနှီးမြှုပ်နှံသည့်အခါ ပံ့ပိုးပေးနိုင်မှုများအကြောင်း စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် Panel Discussion များပြုလုပ်ကာ၊ MOU (၄) ခုလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
