ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိဟုဆို
နေပြည်တော်၊ စက်တင်ဘာ ၁၅
မိမိလာရောက်သည့် ခရီးစဉ်ရည်ရွယ်ချက်မှာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှု ပြန်လည် ခိုင်မာလာစေရေးတို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. TAKEI Shunsuke က နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား တစ်သိန်းကျော်၏ ကြိုးစားအားထုတ်မှုနှင့် ကောင်းမွန်သော အပြုအမူများကြောင့် နာမည်ကောင်းရရှိထားကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် Specified Skilled Worker (SSW) ကျွမ်းကျင်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ ခရီးစဉ်မှာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှု ပြန်လည်ခိုင်မာရေးတို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း အသိပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မိမိတို့ လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ ကော်မတီချင်း ဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
