စစ်တောင်း၊ သံလွင်နှင့် ပဲခူးမြစ်ရေများ မြင့်တက်လာနိုင်သည့်အတွက် မြို့နယ် (၅) ခုကို မိုးဇလလ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ(၂၅)ရက်၊ နံနက်ပိုင်းတွင် အသိပေးထားသည်။
ထို့အတူ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော် ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၁) ပေခွဲခန့်မြင်တက်လာနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် ယနေ့ စက်တင်ဘာလ(၂၅)ရက် မနက်ပိုင်းတိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက်(၂)လက်မခန့်တွင် ရောက်ရှိနေပြီး နောက် (၁၂)နာရီအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့တွင်လည်း နောက်(၁)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပြီး ဘီးလင်းမြစ်ရေသည် ဘီလင်းမြို့တွင် နောက်(၁)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလ ကခန့်မှန်းထားသည်။
ထို့ကြောင့် ပဲခူးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ မဒေါက်မြို့၊ တောင်ငူမြို့နယ်နှင့် ဘားအံမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်၊ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးထားသည်။
