သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် လာရောက်စာရင်းပေးသွင်းသူ (၂,၀၀၀) ကျော်အထိရှိလာပြီဖြစ်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှ သိရသည်။
(၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် ယနေ့ စက်တင်ဘာလ (၁) ရက်တွင် စာရင်းပေးသွင်းခြင်းကို စတင်လက်ခံခဲ့ပြီး လူဦးရေ (၂,၀၅၀) ကျော် လာရောက်စာရင်းပေးသွင်းထားကြောင်း သိရသည်။
” ၂,၀၅၀ ကျော်သွားပြီ။ ဆရာဝန်ကြီးတွေက (၁,၂၀၀) လောက်ပဲ လက်ခံခိုင်းတယ်။ ဒီမနက်လာလျှောက်တဲ့သူတွေကလည်း အရမ်းများတယ်။ လာသမျှလေးလက်ခံလိုက်တယ်။ လူကလည်း အဆက်မပြတ်ဖြစ်နေတော့ လက်ခံလိုက်တယ်။ (၂၀၀၀) ကျော်သွားပြီ။ အခုတော့ စာရင်းပိတ်လိုက်ပြီ။ တရားဝင်လည်းကြေညာထားပါတယ်” ဟု သီတဂူ စက္ခုဒါနဆေးရုံ(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယနေ့တွင် စာရင်းလာရောက်ပေးသွင်းသူများကို စက်တင်ဘာလ (၁၇) ရက်မှ (၁၉) ရက်အထိ မျက်စိစမ်းသပ်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သူများကို (၂၅) ရက်အထိ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) သည် နှစ်လတစ်ကြိမ် မျက်စိအလင်းအလှူပေးလျက်ရှိပြီး စာရင်းပေးရန် ကျန်သူများ (၁၅) ကြိမ်မြောက် အလှူတွင်ပါဝင်နိုင်ကြောင်း သိရသည်။
