မော်တင်စွန်းဘုရားသို့ လာရောက်လည်ပတ်ကြသောဘရားဖူးခရီးသည်များ မော်တင်စွန်းနှင့် အနီးတစ်ဝိုက်တွင်ရှိသော ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။
ငွေတောင်ကမ်းခြေသို့ မော်တင်စွန်းမှတစ်ဆင့် ဆိုင်ကယ်၊အိုးဝေများနှင့်သွားရောက်ကြပြီး အိုးဝေခမှ အသွားအပြန် ကျပ် ၅၀၀၀၀ ခန့်ပေးရကြောင်း၊ဆိုင်ကယ်ခမှာမူ အသွားအပြန် ကျပ် ၂၅၀၀၀ ခန့် ကျသင့်သည်ဟု သိရသည်။
ကျောက္ကလပ်ကမ်းခြေမှ ဟိုင်းကြီးကျွန်းမှတဆင့် ပြင်ခရိုင်တစ်ဘက်ကမ်းသို့ စက်လှေစီးကာ သွားရောက်ရပြီး ထိုမှတစ်ဆင့်ဆိုင်ကယ်၊အိုးဝေ၊ကားစသဖြင့် လူအနည်းအများပေါ် မူတည်ကာ ငှားရမ်းသွားရောက်သွားရောက်ကြခြင်းဖြစ်သည်။
ကျောက္ကလပ်ကမ်းခြေတွင် အခြားသောပင်လယ်ကမ်းခြေတွေနှင့်မတူသည့် သဘာဝအလျောက် ဖြစ်တည်နေသည့် ကျောက်မှိုပွင့်ကြီးများ၊အမြဲစိမ်းစိုနေသည့် ရေညှိကျောက်ခွက်များ တည်ရှိနေသောကြောင့် ခရီးသွားဧည့်သည်များ အလွန်စိတ်ဝင်စားကြသည့် နေရာတစ်ခု ဖြစ်သည်။
ထို့ပြင် ကျောက္ကလပ်ကမ်းခြေတွင် ရှင်စောပုဘုရင်မကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှင်စောပုစေတီ တည်ရှိခြင်းကြောင့်လည်း သမိုင်းကြောင်းအရ အရေးပါသည့်နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
