မူဆယ်၊ ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၅၅ ဦးကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်သည် ဇူလိုင် ၂၄ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၂)လမ်းရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ စုစုပေါင်း ၄၄ ဦးကို All In One ကွန်ပျူတာ ၃၈ လုံး၊ ဖုန်း ၃၃ လုံး၊ Star Link အင်တာနက်စက် ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း ဆက်လက်စုံစမ်းရှာဖွေရာ အလားတူလုပ်ငန်းများ ပြုလုပ်နေသူ၁၁ ဦး၊ All In One ကွန်ပျူတာ ၃၃ လုံး၊ CPU ၃ လုံး၊ UPS ၅ လုံးနှင့်အတူ ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ၅၅ ဦးကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
