မြန်မာနိုင်ငံတောင်ပိုင်းဒေသများအတွက် မုန်တိုင်းဗဟိုချက် တို-က်ရို-က်ဖြတ်သန်းဝင်ရောက်မည့် အန္တရာယ်မှာ ယခင်ခန့်မှန်းချက်များနှင့် နှိုင်းယှဉ်ပါက လျော့နည်းလာကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။
နောက်ဆုံးထွက် ECMWF Chart Update (Base time: Thu 28 May 2026 06 UTC) အချက်အလက်များအရ မုန်တိုင်းဗဟိုချက်သည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းဒေသများကို တိုက်ရိုက်ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေမှ လျော့နည်းသွားကြောင်း သိရသည်။
ယခင် Forecast Run များတွင် မုန်တိုင်းဗဟိုချက်သည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းသို့ တို-က်ရို-က်ဝင်ရောက်မည့် လမ်းကြောင်းပြသခဲ့သော်လည်း နောက်ဆုံး Update တွင် ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းမှ မြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေ/မောင်တောဘက်သို့ ဗဟိုချက်ရွေ့လျားသွားကြောင်း ဖော်ပြထားသည်။
သို့သော် မုန်တိုင်း၏ သွယ်ဝိုက်သက်ရောက်မှုနှင့် မုတ်သုံလေပင့်တင်မှုများကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေဘေးအန္တရာယ်များ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
အထူးသဖြင့် မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရက်ဆက်မိုးကြီးနိုင်ပြီး မြို့ပြဒေသများနှင့် မြစ်ဝကျွန်းပေါ်နိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ၊ ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် တောင်ပိုင်းဒေသရှိ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် လျော့နည်းလာသော်လည်း ရေနုတ်မြောင်းစနစ်များ၊ မြစ်ချောင်းရေမြင့်တက်နိုင်မှုနှင့် သောက်သုံးရေလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ဆက်လက်ဂရုပြုထားသင့်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းထားသည်။
