ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လီနီ ရိုဘရီဒိုကို ထောက်ခံအားပေးခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးအရာရှိချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး အက်ဒွာဒို အိုဘန် ဂျူနီယာကို နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် အက်ဒွာဒို အာညို၏ နေရာတွင် အစားထိုးခန့်အပ်လိုက်သည်။
ရာထူးခန့်အပ်မှုကို ဧပြီလ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတအိမ်တော် မာလာကာညန်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်ပြည်သူများအတွက် ၎င်း၏ စေတနာအပြည့်နှင့် ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် အတွင်းဝန် အာညိုကို ကျေးဇူးတင်ရှိပါသည်။ နိုင်ငံတော်လုံခြုံရေးအကြံပေးအနေဖြင့် ကျွန်တော်တို့၏ နိုင်ငံတော်လုံခြုံရေးဘောင်ကို ခိုင်မာစေရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်တွင်းလုံခြုံရေးလုပ်ငန်းများကို မြှင့်တင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ပြောင်းလဲနေသော ကာလအတွင်း လုံခြုံရေးကဏ္ဍတလျှောက် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါသည် ဟု လက်ထောက်အတွင်းဝန်ကလဲရာ ကက်စထရိုက ပြောကြားခဲ့သည်။
၎င်း၏ အမြဲတမ်း အနားယူခြင်းသည် ကျန်းမာရေးအခြေအနေအရ အပြည့်အ၀ အာရုံစိုက်မှုနှင့် ဂရုစိုက်မှုလိုအပ်သောကြောင့်ဖြစ်ကြာင်း ဧပြီလ ၁၆ ရက် နေ့တွင် ရာထူးမှ တရားဝင်နုတ်ထွက်မည်ဖြစ်သည့် အာညို က ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။
မားကို့စ်၊ အစိုးရအဖွဲ့ဝင်များနှင့် လုံခြုံရေးအသိုင်းအဝိုင်းရှိ အေဂျင်စီများနှင့် အရာရှိများအား ၎င်းတို့၏ ခိုင်မာသော ကတိကဝတ်နှင့် ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် ကျေးဇူးတင်ကြောင်း အာညို က ပြောကြားခဲ့သည်။
အာညိုသည် ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း သူ ရာထူးမှနုတ်ထွက်မည့်အကြောင်း ပြောဆိုမှုများ တောက်လျှောက်ရှိနေခဲ့သည်။ သမ္မတ ရိုဒရီဂို ဒူတာတေးလက်ထက် ၂၀၂၁ ခုနှစ်က ပြည်ထဲရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် အာညိုသည် နှလုံးခွဲစိတ်မှုနှစ်ကြိမ်ခံယူရန် တစ်လကြာ ဆေးခွင့်ယူခဲ့ရသည်။
Ref: Rappler
