ယမန်နေ့ ဇူလိုင်လ (၃၀) ရက်က နေပြည်တော်၌ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးမှ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးခြင်းမပြုဘဲ မသမာမှုပြုလုပ်ကာ လွှတ်ပေးသည့် ဝန်ထမ်းတစ်ဦးချင်း အပါအဝင် အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခဲ့သူများကို ပြင်းပြင်းထန်ထန် အရေးယူ သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တဘက်တွင် တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးမှုအနေဖြင့် ၂၀၂၂ ဇန်နဝါရီမှ ယခုနှစ် ဇွန်လအထိ (၂၅၂၃၁) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၆၆၃ ဒသမ ၉၁၉)ဘီလီယံ ဖမ်းဆီးရမိခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောသည်။
ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဇူလိုင်လအတွင်း၌ ဦးဆောင်ကော်မတီသို့ သတင်းပေးတိုင်ကြားမှုကြောင့် မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် (၁၄၄) စီးသည် ဘားအံမြို့ကိုဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင် ဖြတ်သန်းသွားကြောင်း သိရပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ရာ (၁၃၂) စီးကို ကရင်နှင့် မွန်ပြည်နယ်အတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက မှန်မှန်ကန်ကန် စစ်ဆေးခြင်း မရှိဘဲ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပြီး ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟူ ပြောကြားခြင်းလည်း ဖြစ်သည်။
