ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စက်တင်ဘာ(၅)ရက်က ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် (၂၅)ရပ်ကွက် က ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိုဒေါင်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေ AA အဖွဲ့မှ ထောက်ပံ့ရေး ဒုတိယတာဝန်ခံအဆင့်ရှိ မူးယစ်ဆေးဝါးတရားခံ ထွန်းထွန်းနိုင် နှင့် AA အဖွဲ့မှထောက်ပံ့ရေးအဖွဲ့ဝင် အေးသန်းထွန်းတို့အပါအဝင် မူးယစ်ဆေးဝါးတရားခံများဖြစ်သည့် အားလျံ(ခ)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခ)အယ်လ်တီ၊ အေးမြင့်နှင့်လင်းမင်းထက်တို့ (၆)ဦးအား ICE (၁၈ ၄၀) ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၄၀)၊ ဘိန်းဖြူအမှုန့် (၁၄) ကီလိုဂရမ်၊ Mitsubishi Canter (အဖြူရောင်) ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ နောက်ဆက်တွဲတရားခံများ နှင့်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၂၂) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ခြံဝင်းအတွင်း၌ တရားခံဇော်ဦး (ခ)ရာဂျူးနှင့် ရဲလင်းအောင်(ခ)ဂျိုးဇက်တို့အား ICE ၁၅၀၀ ကီလိုဂရမ်၊ Mark II (ခဲရောင်)ယာဉ်တစ်စီး၊ I-Zone Express (ခဲရောင်)ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ Denko ဆီဆိုင်အနီးတွင် တရားခံအောင်ခိုင်မိုးနှင့် ရဲကိုခိုင်တို့ နှစ်ဦးအား Toyoace (အပြာရောင်) ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ICE (၁၁၀၀) ကီလိုဂရမ်၊ ကတ်တမင်း (၁၁၀၀) ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ်လိုက်ပါလာသည့် AA အဖွဲ့ထောက်ပံ့ရေးအဖွဲ့ဝင် ဝင်းနိုင်ဆန်း၊ ရေကြောင်းမှ သယ်ဆောင်နိုင်ရန် စက်လှေရှာဖွေပေးမည့်သူ တရားခံဇော်မျိုး၊ မောင်မောင်စိုးတို့အား Toyota Probox(အဖြူရောင်) ယာဉ်တစ်စီးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၇) ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရာတွင် စက်လှေရှာဖွေပေးသူ မျိုးမင်းထိုက်(ခ) နိုအာလမ်အား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀)မြောက် ရပ်ကွက်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးတင်ဆောင်မည့် စက်လှေများအား စောင့်ကြည့်ပေးသည့် စိုးမင်းအောင်နှင့် မင်းတင်ထက်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ CENTRAL ဟိုတယ်၊ အခန်းအမှတ်(၄၁၀)တွင်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ (၁၆) ဦးတို့အား ICE (၄၄၄၀) ကီလိုဂရမ်၊ ကတ်တမင်း (၁၁၀၀) ကီလို ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၄၀)၊ ဘိန်းဖြူအမှုန့် (၁၄) ကီလိုဂရမ် (မူးယစ် ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇ ၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့် မော်တော်ယာဉ်(၅)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
