Miss Grand Myanmar Organization သည် Miss Grand Myanmar ပွဲစဉ်တွင် မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ Miss Grand Myanmar Organization အနေဖြင့် ယမန့်နေ့(မေ ၄ ရက်)က Miss Grand Myanmar Organizationက ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးကို တိုင်းရင်းသားလူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများအားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။
ထို့အတူ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များ အား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့ စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။
သို့သော် ထို အလှမယ်သည် ပြိုင်ပွဲဝင်မည့်ရက်မတိုင်ခင် Full Rehearsal နှစ်ကြိမ်လုံးတွင် ထိုသို့ မယ်သီလရှင်ပုံစံဖြင့် သရုပ်ဆောင်မှုကို ကြိုတင်ပြသထားခြင်းမရှိဘဲ မည်သည့် Supervisor, Admin တာဝန်ရှိသူများအား ထိုအစီအစဉ်ကို အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိဟု ဆိုသည်။
ထိုသို့ ယှဉ်ပြိုင်ခဲ့ခြင်းသည် ပြိုင်ပွဲဝင်ပြိုင်သည့် စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။