မန္တလေး၊ ဇူလိုင် ၃၁
မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် လာမည့် ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ONE Friday Fights 167 ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ကိုမာဝပ်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာဝင်း၏ ပြိုင်ဘက် ကိုမာဝပ်သည် ONE Championship တွင် စုစုပေါင်း ၁၄ ပွဲ ထိုးသတ်ထားရာ ၇ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပြီး ပန်ရစ်၊ ဆူးခင်၊ ယော့လဖက် စသည့် အတွေ့အကြုံရင့် ဖိုက်တာများနှင့် ရင်ဆိုင်ထိုးသတ်ဖူးသူ ဖြစ်သည်။ ၎င်းသည် နောက်ဆုံးပွဲအဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆမင်းဒန် (လိပ်နင်ဂျာ) နှင့် ယှဉ်ပြိုင်ခဲ့ပြီး Split Decision ဖြင့် အနီးကပ် ရှုံးနိမ့်ခဲ့သည်။
ထို့ပြင် ကိုမာဝပ်သည် ကျော်စွာဝင်း၏ ယခင်ပြိုင်ဘက် အာဝသန်နှင့်လည်း နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ရရှိထားသည်။ လက်ရှိတွင် ၎င်းမှာ ရှုံးပွဲ ၅ ပွဲဆက် ကြုံတွေ့ထားသော်လည်း အတွေ့အကြုံနှင့် စွမ်းဆောင်ရည် ကောင်းမွန်သည့် ဖိုက်တာတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ကျော်စွာဝင်းနှင့် ကိုမာဝပ်တို့ နှစ်ဦးစလုံးသည် လက်သီးအားပြု တိုက်ခိုက်လေ့ရှိသဖြင့် အပြန်အလှန် ဖိအားပေးသည့် အကြိတ်အနယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြပြီး အဆိုပါပွဲသည် ONE Friday Fights 167 ၏ ခေါင်ပွဲအဖြစ် ကျင်းပနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
