မန္တလေးမြို့တွင်းပြေးဆွဲနေသည့် မီနီအိုးဝေများအားလုံးကို မတ် ၃၀ ရက်နောက်ဆုံးထား၍ အဝါရောင်ပြောင်းလဲရန် မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(မြို့တွင်း)မှ ညွှန်ကြားခဲ့သည်။
ယင်း ညွှန်ကြားချက်အား လက်ရှိအချိန်၌ မီနီအိုးဝေပိုင်ရှင်များနှင့်မောင်းနှင်သူများကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ယာယီဆိုင်းငံ့ပေးထားသည်ဟု သိရသည်။
မီနီအိုးဝေပိုင်ရှင်များနှင့်မောင်းနှင်သူများအနေဖြင့် စက်သုံးဆီဈေးမြင့်တက်ခြင်း၊ခရီးသည်စီးနင်းမှုနည်းပါးခြင်း၊ကုမ္ပဏီများမှ အကြွေးစနစ်ဖြင့် ဝယ်ယူထားပြီး လစဉ်ငွေများပြန်ဆပ်နေရခြင်းတို့ကြောင့် အခက်အခဲများဖြစ်ပေါ်နေ၍ အဝါရောင်ပြောင်းလဲရန်ညွှန်ကြားချက်အား ယာယီဆိုင်းငံ့ပေးခဲ့ခြင်းဖြစ်သည်။
“ဆီစျေးတွေတက်တယ် စီးတဲ့လူကအရင်ကထက်စာရင်အများကြီးနည်းသွားတော့ အဝါရောင်ပြောင်းဖို့ဆိုတာ ငွေကြေးကုန်ကျမှုများတယ်လေ။ အဲဒီအခက်အခဲကို တာဝန်ရှိတဲ့လူတွေကသိပြီး အခုလိုဆိုင်းငံ့ပေးလိုက်တော့ အဆင်ပြေသွားတာပေါ့။အရင်ကဆိုရင်တစ်နေ့ကို ၂ သောင်းဝန်းကျင်လောက်ကျန်တယ် အခု အဲ့လောက်ကျန်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး”ဟု မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်နေသည့် ကိုကျော်ကျော်ဦးကပြောသည်။
မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(မြို့တွင်း)မှ မန္တလေးမြို့တော်အား မြို့ပြအင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းစနစ်တကျရှိရေး၊ခရီးသည်များလုံခြုံချောမွေ့စွာ သွားလာမှုပိုမိုအဆင်ပြေရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မီနီအိုးဝေများအားလုံးကို အဝါရောင်ပြောင်းလဲရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
