မန္တလေး၊ ဇူလိုင် ၂၁
မန္တလေးမြို့ရှိ နေရာအချို့တွင် လမ်းဘေးရေမြောင်းဖုံးများ ဆက်တိုက်ခိုးယူခံနေရသဖြင့် ယင်းကဲ့သို့ ခိုးယူမှုများကို မပြုလုပ်ကြရန်နှင့် ခိုးယူနေသည်ကို တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) သို့ သတင်းပေးပို့ပေးကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
မန္တလေးမြို့အနှံ့အပြားတွင် လမ်းဘေးသံမြောင်းဖုံးများနှင့် ကွန်ကရစ်မြောင်းဖုံးများ ခိုးယူခံနေရသဖြင့် လမ်းမများပေါ်တွင် မြောင်းပေါက်များ ပွင့်ကျန်နေပြီး ယာဉ်မတော်တဆမှုများနှင့် လမ်းသွားလမ်းလာပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၎င်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (MCDC Facebook Page) မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “ပြည်သူများအနေဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်သကဲ့သို့ မြောင်းဖုံးများ ခိုးယူနေသည်ကို တွေ့ရှိပါကလည်း စည်ပင်သာယာရေးကော်မတီသို့ သတင်းပေးပို့နိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်” ဟု ဖော်ပြထားသည်။
