မန္တလေး၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၁၂၇,၂၇၆ ဦးအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး) အပါအဝင် ဆေးရုံ၊ ဆေးခန်း ၁၈ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံရရှိစေရန် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ခြောက်ခု၊ ဌာနကြီးဆေးခန်း ငါးခုနှင့် စာချုပ်ဆေးခန်း ခြောက်ခုတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထို့အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) များဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် ကွင်းဆင်းကာ ဆေးကုသပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ECG နှလုံးစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျထားသည့် ဆေးဖိုးများကိုလည်း ပြန်လည်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလအတွင်း ကျပ် ၁၀၅ ဒသမ ၃၃၇ သန်း ပေးအပ်ခဲ့ပြီးဖြစ်သည်။
အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း ရောဂါရှာဖွေရေး Ultrasound စက်အသစ် တပ်ဆင်၍ ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပြင်ဦးလွင်မြို့နယ် လူမှုဖူလုံရေးဆေးခန်း၌ ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိမှုများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
