မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင်အားအောက်တိုဘာ ၄ ရက်တွင်ကျင်းပသွားမည်ဖြစ်ရာ ရာပြည့်သဘင်အကြိုအဖြစ် ရာပြည့်ဂုဏ်ပြုမဂ္ဂဇင်း၊ အမှတ်တရပစ္စည်းများရောင်းချခြင်းနှင့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပန်းချီကားများခင်းကျင်းပြသခြင်းအခမ်းအနားကို ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။
မန္တလေးတက္ကသိုလ်အဝင်လမ်း၊ ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် မန္တလေးဥပစာကောလိပ်အဖြစ်စတင်ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင်အုတ်တိုက်နီအဆောက်အဦးတွင်ကျင်းပရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူဟောင်းများ၊ ပါမောက္ခ ချုပ်များ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
တိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ မန္တလေးတက္က သိုလ်နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီမှ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုမဂ္ဂဇင်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချပေးနေမှု၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ပန်းချီကားများပြသထားမှုတို့ကို ကြည့်ရှုအားပေးပြီး ရာပြည့်သဘင်အတွက် မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှလှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)၊ မန္တလေးတက္ကသိုလ် ကျောင်းသူဟောင်းဒေါ်ခင်စောဦးမှ ဒုတိယအကြိမ်အဖြစ်လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀)တို့အား လက်ခံရယူခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင်ကျရောက်သည့် အမိတက္ကသိုလ်မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်အား ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့်အတူလှီးပြီး စတုဒိသာကျွေးမွေးမှုများပြုလုပ်ခဲ့ကြသည်။
