ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လူဦးရေ(၅၉၄၃၈) ဦး၏ နေ့စဉ် ရေပုံမှန်ရရှိရေးအတွက် မြို့ရေပေးဝေရေးလုပ်ငန်းကို ဆိုလာစနစ်ပြောင်းလဲတပ်ဆင်မည်ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှ သိရသည်။
ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘားအံမြို့တွင်နေထိုင်သူများ သောက်သုံးရေရရှိရန် သံလွင်မြစ်နှင့် စက်ရေတွင်းများမှရေကိုစုပ်တင်၍ ရေစုကန်များမှတစ်ဆင့်ဖြန့်ဝေပေးလျက်ရှိခြင်းအား ဆိုလာစနစ်သို့ပြောင်းလဲတပ်ဆင်ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြောင်းလဲတပ်ဆင်ရန် ဘားအံမြို့၊ ဘားမဲတောင်ရေစုကန်၊ ရေစစ်ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးနေမှုကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးရာ လက်ရှိရေပေးဝေမှု၊ ရေစက်ရုံအလိုက်နှင့် ရပ်ကွက်အလိုက်ရေပေးဝေသည့် ရေမီတာနှင့် ရေတိုင်စာရင်း၊ ဦးစားပေး(၁)၊(၂)၊(၃)အလိုက် ဆိုလာစနစ်တပ်ဆင်မည့်လုပ်ငန်းများ၊ ဆိုလာစနစ်တပ်ဆင်ပြီးပါက ရေရရှိမည့်ရပ်ကွက်များကို တာဝန်ရှိသူများမှရှင်းလင်းတင်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားမဲတောင်ပေါ်ရှိ အနှေးသဲစစ်ကန်၊ အကြမ်းစစ်ကန်၊ ကလိုရင်းခပ်စက်၊ ရေစုကန်၊ ရေစစ်ကန်များ၊ ဖားမဲတောင်စိမ်းလန်းစိုပြေရေး၊ view point နှင့် ဘားမဲတောင်ရေစက်တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဘားအံမြို့ရှိ ရပ်ကွက်(၉)ခုတွင် လူဦးရေ (၅၉၄၃၈)ဦးနေထိုင်ပြီး ၎င်းတို့၏ သောက်သုံးရေအတွက် ရေစက်ရုံ(၈)ရုံဖြင့်ဖြန့်ဝေပေးလျက်ရှိရာမှ နေ့စဉ် သောက်သုံးရေပုံမှန်ဖြန့်ဝေပေးနိုင်ရရန် ခန့်မှန်းကုန်ကျငွေကျပ်(၁၀၄၀ ဒဿမ ၂)သန်းဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျတ်လျာထားဆောင်ရွက်ခြင်း၊ အခြားသင့်တော်သောရန်ပုံငွေမှတင်ပြတောင်းခံခြင်းတို့ဖြင့် ဆိုလာစနစ်သို့ ပြောင်းလဲတပ်ဆင်ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
