နာဆော၊ ဇူလိုင် ၁၀ ရက်
ဘဟားမားစ်နိုင်ငံ၏ မြို့တော် နာဆော ၏ အနောက်ဘက်ရှိ အန်ဒရို့စ်ကျွန်းမြောက်ပိုင်း တွင် သောကြာနေ့က ဖလမ်မင်ဂိုအဲရ်လေကြောင်းလိုင်းကပြေးဆွဲသော လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလာသူ ၁၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် ဘဟားမားစ်ရဲမင်းကြီး ရှန်တာ နိုးလ်စ် က အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ကိုးဦးနှင့် ပိုင်းလော့တ်တစ်ဦး လိုက်ပါလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် လေယာဉ်ပျက်ကျသည့်နေရာ၌ အသက်ရှင်ကျန်ရစ်သည့် လက္ခဏာပြသနေသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများကို အန်ဒရို့စ်ကျွန်းသို့ စေလွှတ်ထားပြီး ဖြစ်ပွားခဲ့သော မတော်တဆမှုကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဘဟားမားစ်နိုင်ငံ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ ကနဦးသတင်းများတွင် လေယာဉ်သည် လင်ဒန်ပင်ဒလင် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာခဲ့ပြီး ဆန်အန်ဒရို့စ်လေဆိပ်သို့ ဦးတည်ပျံသန်းစဉ် မဆင်းသက်မီ အခက်အခဲအချို့နှင့် ကြုံတွေ့ခဲ့ရကာ ခြုံပုတ်များထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကာရစ်ဘီယံပင်လယ်၏ မြောက်ဘက်၊ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် တည်ရှိသော ဘဟားမားစ်နိုင်ငံသည် ကျွန်းပေါင်း ၇၀၀ ကျော်နှင့် သန္တာကျွန်းငယ်ပေါင်း ၂,၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကျွန်းများအကြား သွားလာရေးအတွက် လေယာဉ်ငယ်များကို အဓိက သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုကြကြောင်း သိရသည်။
Ref: ရှင်းဟွာ
