ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြလှုပ်ရှားမှုများမှ ပေါက်ဖွားလာသည့် ကျောင်းသားများဦးဆောင်သော ဘင်္ဂလားဒေ့ရှ်ပါတီသည် ဖေဖော်ဝါရီလ၏ ရွေးကောက်ပွဲမတိုင်မီတွင် အစ္စလာမ်မစ်ပါတီ ဂျမတ် အီး အစ္စလာမ်မီပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သောကြောင်း ပါတီတွင်း သဘောထားကွဲလွဲမှုများကိုဖြစ်စေခဲ့သည်။
၂၀၂၄ ခုနှစ် ဆန္ဒပြအုံကြွမှုနောက်ပိုင်း နေရှင်နယ်စီတီဇန်ပါတီ (အင်န်စီပီ) သည် ဆွေမျိုးကောင်းစားရေးဝါဒနှင့် နှစ်ပါတီလွှမ်းမိုးထားသည့်နိုင်ငံရေးတွင် အလယ်အလတ် ပြုပြင်ပြောင်းလဲရေးပါတီအဖြစ် ကိုယ့်ကိုကိုယ်ပုံဖော်ခဲ့သော်လည်း ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လမ်းပေါ်ထွက်ခဲ့သောအင်အားကို မဲဆန္ဒရှင်များ၏ ထောက်ခံမှုအဖြစ်ပြောင်းလဲရန် ရုန်ကြိုးစားရုန်းကန်နေသည်။
ပါတီသည် ပိုမိုစည်းလုံးညီညွတ်ရေးအတွက် မဟာမိတ်အဖွဲ့သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အင်န်စီပီ အကြီးအကဲ နာဟစ် အစ္စလာမ်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပြီး ကိုယ်စားလှယ်လောင်းများ၏ အပြီးသတ်စာရင်းကို ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ကြေညာသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
မဟာမိတ်ဖွဲ့ခြင်းသည် ပြိုကွဲနေသော နိုင်ငံရေးအခင်းအကျင်းတွင် လက်တွေ့ကျသော ခြေလှမ်းတစ်ခုဖြစ်သည်ဟု အခြား စီအင်န်ပီခေါင်းဆောင်များက ဖော်ပြခဲ့ကြသည်။
သို့ရာတွင် ဂျမတ်နှင့် ပူးပေါင်းရန်ဆုံးဖြတ်ခဲ့ခြင်းသည် ပါတီတွင်း အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။
ဗြိတိန်ရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွှတ်ကာ အင်န်စီပီကို ဝင်ရောက်ခဲ့ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်လာသော ဒေါက်တာ တက်စ်နင်မ်ဂျာရာသည် ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ပါတီမှနုတ်ထွက်သွားပြီး ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။ အခြားပါတီဝင်များစွာလည်း နုတ်ထွက်သွားခဲ့ကြသည်။
ဂျမတ်ပါတီသည် ပါကစ္စတန်ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးယူခဲ့ခြင်းကို ဆန့်ကျင်ခဲ့မှုနှင့် ၁၉၇၁ ခုနှစ် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့မှုအတွက် ကာလကြာရှည်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် မဟာမိတ်အဖွဲ့ကို အများကအာရုံစိုက်ခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
