ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။
ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။
ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress သတင်းဌာနက ဖော်ပြခဲ့သည်။
ရေယာဉ်ပေါ်ပါသူအများစုသည် မြို့တော်ဟနွိုင်မှ လာရောက်သည့် မိသားစုများဖြစ်ကာ ခရီးသည်များအတွင်း ကလေး ၂၀ ကျော်ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။ စနေနေ့ညနေပိုင်းအထိ နယ်ခြားစောင့်တပ်က လူ ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ရုပ်အလောင်း ၃၄ လောင်း ရှာဖွေတွေ့ရှိထားသည်ဟုလည်း ဆိုသည်။
ညသန်းခေါင်အချိန်လောက်တွင် ရေယာဉ်မောင်းခန်းအတွင်းမှ ရေယာဉ်အမှုထမ်း သုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးလျက်ရှိနေသေးသည့် လူ ငါးဦးကို ရှာဖွေရန် တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေခဲ့သည်။
ဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းကြေကွဲရကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင့်က စနေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး အရေးပေါ် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာနများကို တိုက်တွန်းခဲ့သည်။
အာဏာပိုင်များသည် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကာ ရေယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို ဖော်ထုတ်၍ စည်းကမ်းချိုးဖောက်မှုများရှိခဲ့ပါက တင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။ Ref: ဘန်ကောက်ပို့စ်
