ဗီယက်နမ်နိုင်ငံသည် ပြင်သစ်ထံမှ လွတ်လပ်ရေးကြေညာခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ဟနွိုင်းမြို့တော်တွင် စစ်ရေးပြအခမ်းအနားကြီးဖြင့် ကျင်းပခဲ့သည်။
ကွန်မြူနစ်အုပ်ချုပ်သောနိုင်ငံတွင် အမျိုးသားရေးဝါဒကို စိတ်အားထက်သန်စွာပြသသည့် မြို့တော်ဟနွိုင်ရှိ အခမ်းအနားသို့ လူသောင်းချီ၍ စုဝေးခဲ့ကြသည်။
၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရယူကြောင်း တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်းက ကြေညာခဲ့သည့် ဘဒင်းရင်ပြင်တွင်ပြုလုပ်သော အခမ်းအနားတွင် အာဏာပိုင်များသည် ဒုံးကျ-ည်များ၊ ရဟတ်ယာဉ်များ၊ တို-က်လေယာဉ်များ အပါအဝင် စစ်လ-က်န-က်ပစ္စည်းမျိုးစုံကို ပြသခဲ့သည်။
စစ်ရေးပြအခမ်းအနားတွင် စစ်သည်ပေါင်း ၁၆,၀၀၀ နီးပါးပါဝင်ခဲ့ပြီး တရုတ်၊ ရုရှား၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ဂုဏ်ပြုတပ်ဖွဲ့များလည်းပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တူလမ်က အထိမ်းအမှတ်မိန့်ခွန်းပြောကြားခဲ့ရာ၌ လွတ်လပ်ရေးတိုက်ပွဲတွင်ကျဆုံးခဲ့သူများကို ဂုဏ်ပြုစကားဆိုခဲ့ကာ ဗီယက်နမ်သည် ၂၀၄၅ ခုနှစ်တွင် အင်အားကြီးမား၍ သာယာဝပြောကာ နေပျော်သောတိုင်းပြည်ဖြစ်စေရမည်ဟူသော အာဏာရပါတီ၏ ရည်မှန်းချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
“ဒီမြင့်မြတ်တဲ့ အခါသမယမှာ ကျွန်ုပ်တို့ ဘိုးဘေးတွေကို တလေးတစား သတိရနေပါတယ်”ဟု လမ်က ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့တိုင်းပြည်ဟာ မရေမတွက်နိုင်တဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ပါတယ်။ ကျွန်ုပ်တို့တိုင်းပြည်ဟာဆိုရင် ကိုလိုနီအဖြစ်ကနေ လွတ်လပ်ပြီး စည်းလုံးညီညွတ်တဲ့တိုင်းပြည်အဖြစ်သို့ ပြောင်းလဲခဲ့ကာ ခေတ်မီတိုးတက်ရေးဆီကို စဉ်ဆက်မပြတ်ချီတက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
Ref: အယ်ဂျာဇီးယား
