ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် ဗီယက်နမ် နိုင်ငံသမ္မတ Vo Van Thuong နှင့် ဗီယက်နမ် နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ သံအမတ်ကြီးများအား လက်ခံတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ (၁၇) ရက် ညနေ (၃) နာရီခွဲက ဗီယက်နမ်နိုင်ငံ နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ Vo Van Thuong မှ သံအမတ်ကြီးများအား လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ ရိုးရာနှစ်သစ်ကူး အခါသမယနှင့် အစ္စလာမ်မိတ်ဆွေနိုင်ငံများ၏ Ramadan အခါသမယဖြစ်၍ သက်ဆိုင်ရာ နိုင်ငံအကြီးအကဲများနှင့် ပြည်သူများအတွက် ဆုမွန်ကောင်းများ ပို့သကြောင်း သမ္မတ Vo Van Thuong က ပြောကြားခဲ့သည်။
ထို့ပြင် ဗီယက်နမ် နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံ သံအမတ်ကြီးများသည် အဓိက ပေါင်းကူးတံတားဖြစ်၍ သံအမတ်ကြီးများအနေဖြင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန်လည်း ပြောကြားခဲ့သည်။
ထို့နောက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ (ကိုယ်စား) အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက အာဆီယံအတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများနှင့် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
