ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ (John Healey) သည် ကြာသပတေးနေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ၎င်း၏ နုတ်ထွက်ရခြင်းမှာ ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ လပေါင်းများစွာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ နိုင်ငံကို ခြိမ်းခြောက်နေသည့် အန္တရာယ်များမှ ကာကွယ်ရန် လိုအပ်သော အရင်းအမြစ်များကို ချမှတ်ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) အား ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤနုတ်ထွက်မှုနှင့်အတူ ဝန်ကြီးချုပ်အပေါ် ပြင်းထန်သော ဝေဖန်ချက်များ ထွက်ပေါ်လာခြင်းသည် ဝန်ကြီးချုပ်စတာမာ၏ အာဏာတည်မြဲမှု လျော့ကျလာနေကြောင်း ထပ်လောင်းပြသနေပြီး၊ အစိုးရ၏ အဓိကဗဟိုချက်တွင် အကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေကြောင်း ပေါ်လွင်စေသည်။ လက်ရှိတွင် နိုင်ငံ၌ ဘဏ္ဍာငွေအလုံအလောက် မရှိသည့်အပြင် လူမှုဖူလုံရေးစရိတ်များ မြင့်တက်နေချိန်တွင် ကာကွယ်ရေးအသုံးစရိတ်ကို မည်သို့ တိုးမြှင့်ရမည်ဆိုသည်မှာ အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။
အရင်က ဝန်ကြီးချုပ်အပေါ် သစ္စာရှိခဲ့သူ ဟီးလီသည် လိုအပ်သည့် စစ်ရေးအသုံးစရိတ်များအတွက် ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရီးဗ်စ် (Rachel Reeves) တို့နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ရသည်။ ထိုအခြေအနေကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက ထုတ်ပြန်ရန်ရှိသည့် ဗြိတိန်၏ “ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုစီမံချက်” (Defence Investment Plan) မှာလည်း ကြန့်ကြာခဲ့ရသည်။
ဝန်ကြီးချုပ်ထံ ပေးပို့သော နုတ်ထွက်စာတွင် ဟီးလီက “နိုင်ငံကို ကာကွယ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ချမှတ်ပေးဖို့အတွက် ခင်ဗျားမှာ စွမ်းဆောင်ရည်မရှိသလို၊ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဆန္ဒမရှိပါဘူး” ဟု ရေးသားဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်စတာမာက ဟီးလီ၏ နုတ်ထွက်မှုအတွက် ဝမ်းနည်းကြောင်း တုံ့ပြန်စာပေးပို့ခဲ့ပြီး၊ လက်ရှိ လုံခြုံရေးဝန်ကြီးဖြစ်သူ ဒန်ဂျာဗစ် (Dan Jarvis) ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော်လည်း ထိုခန့်အပ်မှုပြုလုပ်ချိန်နှင့် တပြိုင်နက်တည်းတွင်ပင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးငယ်တစ်ဦးဖြစ်သူ အယ်လ်ကန်းစ် (Al Carns) ကလည်း လက်ရှိအသုံးစရိတ်စီမံချက်များသည် “လက်ရှိရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ မလုံလောက်ဘူး” ဟုဆိုကာ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ဤမျှော်လင့်မထားသော နုတ်ထွက်မှုများသည် ဝန်ကြီးချုပ်စတာမာအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး၊ လာမည့်လများအတွင်း ၎င်း၏ ခေါင်းဆောင်မှုနေရာကို စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
ပြီးခဲ့သည့်လက ကျန်းမာရေးဝန်ကြီး ဝက်စ်စထရိတင်း (Wes Streeting) က ဝန်ကြီးချုပ်မှာ ရေရှည်မျှော်မှန်းချက် (Vision) မရှိဟု စွပ်စွဲကာ ရာထူးမှ နုတ်ထွက်ခဲ့သေးသည်။ ထို့ပြင် မန်ချက်စတာမြို့တော်ဝန် အန်ဒီဘာဟမ် (Andy Burnham) ကလည်း ရှေ့တန်းနိုင်ငံရေးသို့ ပြန်လည်ဝင်ရောက်ကာ ခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သမိုင်းကြောင်းအရ စစ်ရေးအင်အားကြီးမားခဲ့သော ဗြိတိန်သည် ပြီးခဲ့သည့် မတ်လအတွင်းက ဆိုက်ပရပ်စ်ရှိ ၎င်းတို့၏ လေတပ်စခန်းကို အီရန်ထုတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရချိန်တွင် အဆင့်မြင့် စစ်သင်္ဘောတစ်စင်းကို ချက်ချင်းစေလွှတ်နိုင်ခြင်း မရှိခဲ့သည့် အဖြစ်အပျက်မျိုးဖြင့် နိုင်ငံ၏ အားနည်းချက်ကို ဖော်ပြသလို ဖြစ်ခဲ့ရသည်။