ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက်
ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန် နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရနှင့် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ပြောကြားခဲ့ပသည်။
ကာရာကတ်စ်မြို့တွင် ပြုလုပ်သည့် ရိုဒရီ ဂေးနှင့် ဒိုနိုဗန်တို့၏ တွေ့ဆုံမှုအတွင်း ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေ-ာက်ကားမှုနှင့် အကြမ်းဖက်မှုများကို ပူးတွဲတိုက်ဖျက်ရန် ဗင်နီဇွဲလားနှင့် အမေရိက တို့ သဘောတူညီခဲ့ကြကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး မီဂွယ် ပေရေး ပီရေလား က ပြောကြားခဲ့သည်။
“တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အကြမ်းဖက်မှုကို တို-က်ဖျ-က်ဖို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ရေးဆွဲဖို့နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပူးတွဲဖြေရှင်းဖို့ နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြပါတယ်” ဟု ပီ ရေးလားက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်အရ ဒိုနိုဗန်၊ ဗင်နီဇွဲလားဆိုင်ရာ အမေရိကန်ရေးရာဌာနမှ တာဝန်ခံ လော်ရာ ဒိုဂူး နှင့် အမိမြေကာကွယ်ရေးနှင့် အမေရိကတိုက်ဆိုင်ရာ အမေရိကန် ယာယီလက်ထောက်စစ်ဘက်ဝန်ကြီး ဂျိုးဇက် ဟူမိုင်းရား တို့သည် ဗုဒ္ဓဟူးနေ့တွင် ကာရာကတ်စ်မြို့၌ ဗင်နီဇွဲလားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ဆွေးနွေးမှုတွေဟာ လုံခြုံရေးဝန်းကျင် အခြေအနေ၊ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အဆင့်သုံးဆင့်ပါ အစီအစဉ် (အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံ တည်ငြိမ်ရေး) ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ အနောက်ကမ္ဘာခြမ်း လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပုံတွေအပေါ် အာရုံစိုက်ခဲ့ကြပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲများသည် အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ဝရိုက် ၏ ဗင်နီဇွဲလား ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးသည် ဗင်နီဇွဲလား၏ စွမ်းအင်ဆိုင်ရာ အချုပ်အခြာအာဏာနှင့် နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အတွင်းရှိ စွမ်းအင်ကဏ္ဍ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Ref: ရှင်းဟွာ
