ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီကားများ အဝင်မရှိ၍ စက်သုံးဆီ တစ်လီတာကို နှစ်သောင်းကျပ်အထိ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကာမိုင်း-ဖားကန့်လမ်းပိုင်းအား ပြန်လည်ဖွင့်ပေးထားပြီး စက်သုံးဆီကားများ ဝင်ရောက်ခွင့်မရသေးသောကြောင့်လည်း ထိုကဲ့သို့ မြင့်တက်လျက်ရှိနေခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ၍ အခြေခံစားသောက်ကုန်
စည်နှင့် စက်သုံးဆီကားများ အဝင်မရှိခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြတ်လပ်ခြင်းများဖြစ်ပေါ်လျက်ရှိနေကြောင်း ဖားကန့် မြို့ခံများ ပြောဆိုမှုအရ သိရသည်။
“ဝေခါရွာ ညောင်ပင်ကြီးနားက ဆိုင်းသီရိမွန် ဆီဆိုင်မှာ တစ်လီတာ 12500 နဲ့ ခုပဲထည့်ခဲ့တာပါ၊ သူတို့လည်း အကန့်သတ်နဲ့ရောင်းပေးနေပါတယ်၊ တကယ်စိတ်စေတနာကောင်းတဲ့ဆိုင်ပါ” ဟု ဖားကန့်မြို့ခံများ လူမှုကွန်ယက်ဂရု တွင် အချင်းချင်းမျှဝေထားကြသည်။
မြစ်ကြီးနား-ဖားကန့်သွားလမ်းဖြစ်သည့် ကာမိုင်းလမ်းနှင့် အင်းတော်ကြီးတွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေ၍ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ ဖားကန့်မြို့နယ်အတွင်းသို့ အခြေခံစားသောက်ကုန်စည်ကားများ အဝင်မရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဖားကန့်တွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ခရမ်းချဉ်သီး၊ ငရုပ်သီးခြောက်၊ ဆန်၊ ဆီ၊ ဆား စသည့် ကုန်စည်များအားလုံး ဈေးနှုန်းအဆမတန်မြင့်တက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
