ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ ခရိုင်/ပြည်နယ်အဆင့်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုကာ ပြည်သူ များ၏အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဇွန် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအ စိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာလုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ၎င်းတို့ကြုံတွေ့နေရသည့် အ ခခက်အခဲများကိုဖြေရှင်းပေးနိုင်သည့်ဘက်မှဖြေရှင်းပေးရမည်ဖြစ်ကာ ပြည်သူများ၏ လိုလားချက်ကိုမှန် ကန်စွာသိမှသာ ဖြေရှင်းပေးနိုင်မည်ဖြစ်၍ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဟု မှာကြားသည်။
” အစိုးရအနေနဲ့ ဖြစ်လိုတာတွေကို မူဝါဒချမှတ်ဆောင် ရွက်ရပေမယ့် ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုလို့မဖြစ်ပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ က ဏ္ဍအလိုက်၊ အလွှာအလိုက်လိုလားချက်တွေ၊ သဘော သဘာဝတွေ တူညီမှာမဟုတ်တဲ့အတွက် ပြည်သူတွေရဲ့ လိုလားချက်တွေနဲ့ မိမိတို့ရဲ့ မူဝါဒသဘောထားတွေကိုက်ညီမှုရှိစေဖို့ ပြည်သူတွေရဲ့အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လည်း ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုကာ ဝန်ထမ်းများနှင့် မိသားစု များ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများအား တတ်နိုင်သည့်ဘက်မှဖြည့်ဆည်းပေးရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
