အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့သည် မတ် ၂၂ ရက်က အပြည်ပြည်ဆိုင် ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အားလက်ခံတွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ နံနက် ၉ နာရီခွဲတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများပြန်လည်လက်ခံရန် အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှုများ၊မြန်မာအစိုးရနှင့် ICRC တို့ကြားပူးပေါင်းဆောင်ရွက်နေမှုများ၊မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှလည်း နံနက် ၁၀ နာရီခွဲတွင် ICRC ၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလလှယ်က မြန်မာနိုင်ငံ၌ ICRC မှဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှလည်း ICRC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာ နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

