ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း၊ဖက်ဆစ်အောင်ပွဲနေ့အဖြစ်ကျင်းပမည့် တရုတ်၏ စစ်ရေးပြအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် တက်ရောက်သွားကြမည်ဖြစ်သည်။
တရုတ်နိုင်ငံ မြိုတော်ပေကျင်း၌ ကျင်းပပြုလုပ်မည့် စစ်ရေးပြပွဲအခမ်းအနားသည် အနောက်နိုင်ငံများ၏ဖိအားကို ထီမထင်ကြောင်းကို ပြသသည့် အနေဖြင့် အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင်နှင့်အတူ အဆိုပါခေါင်းဆောင်နှစ်ဦးက ပထမဆုံးအကြိမ် လူလုံးထွက်ပြကြမည်ဖြစ်သည်။
နောက်သီတင်းပတ်တွင် ပြုလုပ်မည့် စစ်ရေးပြပွဲသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ် ဖီကိုကလွဲလျှင် အနောက်နိုင်ငံခေါင်းဆောင်များ ပါဝင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့် “အောင်ပွဲနေ့” စစ်ရေးပြချီတက်ပွဲသည်တရုတ်၏ ကြီးထွားလာသော စစ်အင်အားကို နောက်ခံပြုကာ တရုတ်နှင့် တောင်ကမ္ဘာခြမ်းသာမက ပိတ်ဆို့ဒ-ဏ်ခတ်မှုဒ-ဏ်ခံနေရသော ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ကြီးမားသောစည်းလုံးညီညွတ်မှုကို ခေါင်းဆောင်သုံးဦးက ပြသသွားမည်ဖြစ်သည်။
ဒုတိယက မ္ဘာစစ်အတွင်း ဂျပန်တို့ တရားဝင်လက်နက်ချသည့်အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်မည့်သူများတွင် ဘီလာရုစ်သမ္မတ အလက်စန်ဒါ လူကာရှန်ကို၊ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဌ ဝူးဝမ်ရှစ်ခ်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟောင်လိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆာဘီးယားသမ္မတ အလက်စန်ဒါ ဗူစစ်သည်လည်း အဆိုပါချီတက်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။
အဆိုပါနေ့တွင် တိန့်အန်မင်ရင်ပြင်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဂုဏ်သရေရှိ နိုင်ငံရပ်ခြားဧည့်သည်တော်များ၊ တရုတ်အစိုးရအကြီးတန်းခေါင်းဆောင်များနှင့်အတူ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို စစ်ဆေးသွားမည်ဖြစ်သည်။
နှစ်များစွာအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံးအခမ်းအနားများထဲမှတစ်ခုဖြစ်လာမည့် ချီတက်ပွဲတွင် တိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် အသံထက်မြန်သော လက်နက်များကဲ့သို့သော ခေတ်မီစစ်သုံးပစ္စည်းများကို ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။
Ref: ယူအက်စ်နူးစ်
