ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇီလန်စကီးတို့ တွေ့ဆုံဖို့အတွက် ဂျီနီဗာမြို့ကို ဖြစ်နိုင်ခြေရှိတဲ့နေရာအဖြစ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အကြံပြုခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ပြင်သစ်သမ္မတက ၂၀၁၉ တုန်းကလိုပဲ ပဲရစ်မြို့မှာ အခုလိုတွေ့ဆုံဖို့ကတော့ အခုချိန်မှာ အခြေအနေက “ကွဲပြားတဲ့အဆင့်” ဖြစ်နေတာကြောင့် “ကြားနေနိုင်ငံ” တစ်ခုကိုသာ ရွေးချယ်သင့်တယ်လို့ တီဗီသတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို သူကပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ဖြစ်နိုင်ခြေအရဆိုရင်တော့ ဆွစ်ဇာလန်၊ ဂျီနီဗာကို ကျွန်တော်သဘောကျပါတယ်။ ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ အကြိမ်တုန်းကတော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ နှစ်နိုင်ငံတွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်” လို့ သူကပြန်ပြောပြခဲ့ပါတယ်။
ဥရောပခေါင်းဆောင်တွေ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ ဝါရှင်တန်မှာ တွေ့ဆုံပြီးချိန်မှာ ရုရှား-ယူကရိန်း ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပနိုင်ခြေရှိပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ၊ ပိုမိုကျယ်ပြန့်တဲ့ ဘက်စုံတွေ့ဆုံပွဲတွေ ပါဝင်နိုင်တယ်လို့ ပြင်သစ်သမ္မတက ထပ်လောင်းပြောပါတယ်။
မက်ခရွန်က တူရကီနဲ့ တခြားဥရောပနိုင်ငံတွေ “သူတို့ရဲ့ လုံခြုံရေးဟာ ဒီပဋိပက္ခရဲ့ ရလဒ်ပေါ်မှာ မူတည်နေတယ်” ဆိုရင် ဒီဆွေးနွေးပွဲတွေမှာ ပါဝင်သင့်တယ်လို့ မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ထရမ့်ဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့အတွက် ဘက်စုံပါဝင်တဲ့ အစည်းအဝေးတစ်ခုကို တနင်္လာနေ့က ဝါရှင်တန်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ ဇီလန်စကီး၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ဂျာမန်အဓိပတိ ဖရီးဒရစ်ခ်မာ့ဇ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နဲ့ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးတို့ ပါဝင်ခဲ့ပါတယ်။ အစည်းအဝေးမတိုင်ခင်မှာ အိမ်ဖြူတော်က ဥရောပခေါင်းဆောင်တွေ စုဝေးမှုဟာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ ထရမ့်က အလေးထားပြောကြားခဲ့ပါတယ်။
ထရမ့်နဲ့ ဇီလန်စကီးတို့ နှစ်ဦးတည်းတွေ့ဆုံမှုဟာ တစ်နာရီလောက်ကြာမြင့်ခဲ့ပြီး အဲဒီနောက်မှာ အမေရိကန်ခေါင်းဆောင်ဟာ ဥရောပခေါင်းဆောင်တွေနဲ့ ဇီလန်စကီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ဟာ ဆွေးနွေးပွဲတွေအကြောင်း အကျဉ်းချုပ်ပြောပြဖို့အတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဖုန်းခေါ်ခဲ့ပါတယ်။ သူတို့ရဲ့ စကားပြောဆိုမှုဟာ မိနစ် ၄၀ လောက် ကြာမြင့်ခဲ့တယ်လို့ ခရင်မ်လင်နန်းတော်ရဲ့ လက်ထောက် ယူရီဦရှာကော့ဗ် က မှတ်ချက်ပြုခဲ့ပါတယ်။
