မင်္ဂလာဒုံမြို့နယ် ၊ ပုလဲမြို့သစ်တွင် တက္ကစီငှားစီလာသူ အမျိုးသား (၅) ဦးက ယာဉ်မောင်းအား ထိုးကြိတ်ကာ Probox ယာဉ်ကို လုယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ (၂၂) ရက် ည (၇) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်မောင်းအား ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
” သူတို့က အင်းစိန် City Mart ရှေ့ကနေ ပုလဲမြို့သစ်က ပုလဲ အိမ်ရာကိုငှားလာတာပါ၊ ငှားလာတဲ့နေရာကိုကျော်မောင်းခိုင်းပြီး ပုလဲ (၁) စိန်ပန်းမြိုင်လမ်းနဲ့ မြတ်လေးလမ်းထောင့်မှာ ကားကို လုယက်တာပါ။ ယာဉ်မောင်းကိုထိုးကြိတ်ပြီးတော့ ကားကိုယူသွားတယ်။ ဖုန်းတို့ ပိုက်ဆံအိတ်တို့ပါ ယူသွားတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
ယာဉ်ငှားစီးလာသူ (၅) ဦးအနက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူ (၄) ဦးမှ ယာဉ်မောင်း၏ လည်ပင်းအား ကြိုးဖြင့်ဆွဲကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရကြောင်း သိရသည်။
လုယက်ခံလိုက်ရသည့် တက္ကစီ Probox ယာဉ်မှာ ကိုယ်ပိုင်ယာဉ်မဟုတ်ဘဲ ငှားရမ်းမောင်းနှင်သည့်ယာဉ်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ လုယက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း သိရသည်။
လုယက်မှုကျူးလွန်သူ (၅) ဦးမှာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။





