ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အပျော်စီးသင်္ဘောတစ်စင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနေရကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ဦးသွင်ကိုကိုဦးသည် သင်္ဘောပေါ်ရှိ မီးသီးများကို ဖြုတ်ချနေစဉ် လှိုင်းရို-က်ခတ်မှုကြောင့် လျှပ်စစ်မီးကြိုး ရေနှင့်ထိတွေ့ကာ ဓာတ်လိုက်ခဲ့ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အပြီးတွင် ဒ-ဏ်ရာရရှိခဲ့သည့် ဦးသွင်ကိုကိုဦးအား ချွန်ဘူရီခရိုင်ရှိ ပတ္တရားစီးတီးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ICU အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံမှူးက ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒ-ဏ်ရာရအလုပ်သမားအတွက် ရသင့်ရထိုက်သည့် ဆေးကုသခွင့်များနှင့် လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ နစ်နာကြေးများ အပြည့်အဝရရှိစေရေးအတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် အလုပ်ရှင်ဘက်တို့အား ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဦးသွင်ကိုကိုဦး၏ ကျန်းမာရေးအခြေအနေကို ဆရာဝန်များက အနီးကပ်စောင့်ကြည့်၍ ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။
