(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့်တံတားကို ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
တံတားဖွင့်ပွဲကို အဆိုပါတံတား၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ တပ်ကုန်းမြို့ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် အုန်းပင်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
